မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်း အနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၂၉

မွန်ပြည်နယ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ​အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှ ကျောင်းသူများက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုအောင်မြင် ခဲ့ကြသူများအနက် ဂုဏ်ထူးရှင်ပေါ်ထွန်းလာမှုမှာ ၆ ဘာသာ(၂၁)ဦး၊ ၅ ဘာသာ (၄၁)ဦး၊ ၄ ဘာသာ(၈၂)ဦး၊ ၃ ဘာသာ(၁၇၅)ဦး၊ ၂ ဘာသာ(၄၃၂)ဦးနှင့် ၁ ဘာသာ(၁၀၁၁)ဦး၊ စုစုပေါင်း (၁၇၆၂)ဦး ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထူးချွန်ကျောင်းသားများဖြစ်သည့် ၆ ဘာသာ၊ ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာဂုဏ်ထူး ရရှိသူများနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ၊ ကျောင်းအလိုက်၊ မြို့နယ်အလိုက် ဆုရရှိသူများကို ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပညာရေးကဏ္ဍကို မြှင့်တင်ပေးနေခြင်း၊ “ပညာရွှေအိုး လူမခိုး”ဆိုသည့်အတိုင်း ပညာတတ်ပြီး ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော လူတော်လူကောင်းများ အနာဂတ်အတွက် ပေါ်ထွန်းလာအောင် လေ့ကျင့်သင်ကြားပေးနေသကဲ့သို့ ဝန်ထမ်းများအနေဖြင့်လည်း မိမိကိုယ်တိုင်ထူးချွန်ထက်မြက်လာအောင် ကြိုးစားဖို့ တိုက်တွန်းမှာကြား လိုပါကြောင်း၊“ယနေ့ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ဂုဏ်ပြုငွေ စုစုပေါင်း သိန်း(၁၃၈၄) ကုန်ကျခဲ့ပြီး မော်လမြိုင်မြို့မှ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များမှ လှူဒါန်းငွေ ကျပ်သိန်း(၇၃၇)သိန်း၊ သိန်း(၆၄၇)ကို အစိုးရအဖွဲ့မှ ထောက်ပံ့ခဲ့ခြင်းဖြစ်၍ လှူဒါန်းပေးသူ အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပညာရည်ချွန်ဆုရ ဝိပ္ပံဘာသာတွဲတွင် အမှတ် အများဆုံး၊ ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးနှင့် (၆)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ လည်ကောင်း၊ (၅)ဘာသာ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများအား အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းမှ လည်ကောင်း၊ (၄)ဘာသာနှင့်(၃)ဘာသာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ (၆)ဘာသာဂုဏ်ထူးရအောင် သင်ကြားပေးသေ ာကျောင်း(၆)ကျောင်းမှ ဘာသာရပ်သင် ဆရာ၊ ဆရာမများ၊ စာဖြေသူ(၂၅)ဦးနှင့်အထက် ဖြေဆိုပြီး ပြည်နယ်အောင်ချက် (၇၂.၃၃%) နှင့် အထက်ရရှိသော အခြေခံပညာ ကျောင်း(၆)ကျောင်း၊ အောင်ချက်အကောင်းဆုံးမြို့နယ် (၃)မြို့နယ် ဆုရရှိသူများအား မွန်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးမှလည်ကောင်း၊ တစ်နိုင်ငံ လုံး ပဉ္စမဆု ရရှိသော မွန်ပြည်နယ်ပညာရေးဌာနနှင့် ဝိုင်း၀န်းကူညီပေးသော မော်လမြိုင် တက္ကသိုလ်အား မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ ဂုဏ်ပြုဆုများချီးမြှင့်သည်။

ယင်းနောက်တက်ရောက်လာသော အလှူရှင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ဆုရ ကျောင်းသားကျောင်းသူများ ကိုယ်စားဆုရရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြာခဲ့သည်။

ဆက်လက်၍ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှကျောင်းသား ကျောင်းသူလေးများက”ရသစုံလင်ကကြိုးသွင်”ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အ.ထ.က (၆) မော်လမြိုင်မှ ကျောင်သားကျောင်းသူများက “ပညာရည်ထူးချွန် လူရည်မွန်”သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)