သံဖြူဇရပ် ဇူလိုင် ၂၈
မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများစျေးနှုန်း သက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အခြေခံစားသောက်ကုန်စည်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြာကန်ရပ်ကွက်၌ ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးယုနှင့် စျေးကော်မတီဝင်များ၊ ဌာနဆိုင်ရာပူးပေါင်း၍ စိုက်ပျိုးမွေးမြူထုတ်လုပ်ဖြန့်ဖြူးသူတို့မှ ရောင်းချသောအခြေခံစားသောက်ကုန်စည်များဖြစ်သည့် ဆန်တစ်ပြည်(၂၈၀၀)ကျပ်၊ စားသုံးဆီ တစ်လီတာဘူးတစ်ဘူး(၄၄၀၀)ကျပ်၊ ကြက်ဥတစ်လုံး(၂၅၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၄၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿာ (၈၅၀၀)ကျပ်၊ ငါးသလွယ်တစ်ပိဿာ (၄၀၀၀)ကျပ်၊ ငါးသလောက် တစ်ပိဿာ(၃၀၀၀)ကျပ်၊ငါးမုတ်တစ်ပိဿာ(၃၀၀၀)ကျပ်၊ ကတ်သဝါတစ်ပိဿာ(၃၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ(၃၃၀၀)ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ(၉၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာ(၂၃၀၀)ကျပ်၊ ပဲပင်ပေါက်တစ်ပိဿာ(၁၂၀၀)ကျပ်၊ ပဲပြားတစ်လုံး(၉၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာ(၁၅၀၀)ကျပ်၊ မုန်လာဥနီတစ်ပိဿာ(၄၀၀၀)ကျပ်၊ ခရမ်းချဥ်သီးတစ်ပိဿာ(၂၀၀၀)ကျပ်ဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့ရာ ဝယ်ယူသူများစည်ကားလျက်ရှိပြီး အပတ်စဥ် သောကြာနေ့တိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ကျိုက္ခမီမြို့တွင်လည်း အပတ်စဥ် တနင်္လာနေ့တိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)