သန်လျင် ဇူလိုင် ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေမြတ်နိုးသူများအသင်း၊ အမျိုးသမီးနှင့်လူငယ်စာပေမြတ်နိုးသူများအဖွဲ့၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းကျင်းပသော စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် ''အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ'' လူငယ်ဆိုင်ရာစာပေစာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးခြင်းစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက စာဖတ်ဝိုင်းကျင်းပရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက်စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် လူငယ်ဆိုင်ရာစာစု ''အမွေခံတစ်ယောက်အမွေခံသူတစ်ရာ'' စာအုပ်ပါအကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများအသင်းအတွင်းရေးမှူး စာရေးဆရာသော်ဝင်းကြည်(ရေနံချောင်း)က ချစ်သမီးလေးများအတွက်ခေါင်းစဉ်ပါ လူငယ်အမျိုးသမီးများအနေဖြင့် ဝတ်စားဆင်ယဉ်ထုံးဖွဲ့ရာတွင်သိမ့်မွေ့စွာ ဆောင်ရွက်တတ်စေရန်၊ မိဘများအပေါ်စိတ်ချမ်းသာစွာထားရှိခြင်းဖြင့် အန္တရယ်ကင်းကြောင်းစသည်ဖြင့်ဆွေးနွေးသည်။ ဆက်လက်၍စာရေးဆရာပီသက လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်သည့် အရာများခေါင်းစဉ်ပါဆွေးနွေးရာတွင် လူကြီးမိဘများအနေဖြင့် မိမိကိုယ်တိုင်စံနမူနာပြပြုမူ၍ လူငယ်များလမ်းကြောင်းမှန်စေရန်လည်းကောင်း၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဦးအေးဝင်း(စာရေးဆရာဝင်းသီဟ-သန်လျင်)က ဖြည့်စွက်ခြုံငုံဖတ်ကြားဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်စွမ်းအားမြင့်မားစေရေး ၊စာပေနှင့်လူငယ်များစဉ်ဆက်မပြတ်ထိတွေ့ခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးစသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်ဆက်)