မုဒုံမြို့၌ မြေယာလျော်ကြေးငွေပေးအပ်ခြင်းဆောင်ရွက်

မုဒုံ ဇူလိုင် ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခုနှင့် လေယာဥ်ကွင်းအသစ် တစ်ခုတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဧရိယာအတွင်းပါဝင်သော မြေဧရိယာအတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ယမန်နေ့က မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့မြေယာလျော်ကြေးငွေထုတ်ပေးနေမှုများကို မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များမှကြီးကြပ်၍ တာဝန်ရှိသူများက ငွေပေးချေရာတွင် လိုအပ်သောအထောက်အထားမှတ်တမ်းများ ပြုလုပ်ပေးခြင်း၊ လျော်ကြေးပေးချေရမည့် ပုံစံ(၁၂)အရ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ဧရိယာ(ဧက)စစ်ဆေးခြင်းနှင့် ချက်ဖြင့်ငွေပေးချေခြင်းတို့ကို ပူးပေါင်းကူညီဆောင်ရွက်ပေးသည်။

ထို့နောက် လေဆိပ်စီမံကိန်းဧရိယာအတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ရှောင်ကွင်းလမ်း (ကော့ပရံ-တံခွန်တိုင်လမ်း)တွင်ပါဝင်သော မြေဧရိယာ(၂၂ ဒသမ ၂၃)ဧကအတွက် မြေယာလျော်ကြေးငွေကျပ်(၁၁၃၅၃၆၈၈၀)ကိုလည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မုဒုံတူးမြောင်းချဲ့ထွင်ခြင်းနှင့် ရေလွှဲတူးမြောင်းဧရိယာအတွင်းပါဝင်သည့် လယ်မြေနှင့်အခြားမြေများအတွက် မြေယာ၊ သီးနှံနှင့်အဆောက်အဦ လျော်ကြေးငွေပေးချေရန် ဧရိယာ (၆၂ ဒသမ ၀၈)ဧကအတွက် လျော်ကြေးငွေကျပ် (၃၈၅၀၂၄၅၀၀) ကို တောင်သူဦးရေ စုစုပေါင်း(၆၈)ဦးတို့အား လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ကျန်ရှိနေသေးသည့် မြေဧရိယာများအတွက်ကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)