ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံနေကြာနှင့်ချည်မျှင်ရှည်ဝါမျိုးစေ့များကို ဒေသခံတောင်သူများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ဆိပ်ဖြူ  ဇူလိုင်  ၂၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆီထွက်သီးနှံ မိုးနေကြာနှင့်မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံမျိုးစေ့များ ဒေသခံတောင်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သော ဒေသခံတောင်သူများအနေဖြင့် ဘက်စုံသီးနှံစိုက်ဧကများ တိုးတက်လာစေရန်၊ အထွက်နှုန်းမြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးဆောင်ရွက်ပြီး သီးနှံအထွက်စိုက်ပျိုးထုတ်လုပ်မှုမြင့်မားစေရန်နှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ပြီး မိသားစုဝင်ငွေများ တိုးပွားစွာရရှိ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆီထွက်သီးနှံနေကြာနှင့်ချည်မျှင်ရှည်ဝါ  မျိုးကောင်းမျိုးသန့်သီးနှံမျိုးစေ့များကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက ဒေသခံပြည်သူ အများစုသည် စိုက်ပျိုးရေးကိုအခြေခံပြီး မိသားစုဝင်ငွေရရှိရေးအတွက်ဆောင်ရွက်လျက်ရှိသည့် ဒေသတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို အောင်မြင်စွာဆောင်ရွက်ရန်လိုအပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေရရှိမှု အရင်းမြစ်ပေါ်မူတည်၍ စိုက်ပျိုးသီးနှံများကို သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးဆောင်ရွက်နိုင်ရေးနှင့် ဒေသခံတောင်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်၊ စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆီထွက်သီးနှံနေကြာနှင့် ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်သီးနှံမျိုးစေ့များကို ထောက်ပံ့ပေးအပ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာများကိုလည်း သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ပေါင်းစပ်ကူညီဆောင်ရွက်လျက်ရှိသည့်အတွက် ဒေသခံတောင် သူများအနေဖြင့် စိုက်ပျိုးထုတ်ကုန်မြင့်မားရေးနှင့် သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး အမှာစကားများ ပြောကြားပေးသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ဆီထွက်သီးနှံမိုးနေကြာ(၂၁၆)ဧကအတွက် ရေဆင်း(၁) စပ်မျိုးနေကြာ၊ မိုးနှောင်းချည်မျှင်ရှည်ဝါ (၁၂၀၀)ဧကအတွက် ငွေချည်(၉)၊ ရွှေတောင် (၈) နှင့် (၁၀)သီးနှံမျိုးစေ့အိတ်များကို ဒေသခံတောင်သူများ သို့အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ကိုဇွဲ(အညာမြေ)