မိုးကောင်းမြို့ ဖြူစင်မေတ္တာသွေးကမ္ဘာ လူမှုရေးအသင်း၏ ၃နှစ်ပြည့်နှစ်ပတ်လည် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မိုးကောင်း ဇူလိုင် ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ဖြူစင်မေတ္တာသွေးကမ္ဘာ လူမှုရေးအသင်း၏ ၃ နှစ်ပြည့်နှစ်ပတ်လည် သွေးလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ဒေဝကျောင်းတိုက်၌ ဇူလိုင်(၂၇)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒေဝကျောင်းတိုက်ဆရာတော် အရှင်ကုသလာနန္ဒက ဩဝါဒကထာ မြွက်ကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းက သွေးလှူရခြင်းနှင့်ပတ်သက်၍ အကြံပြုချက်များပြောကြားကာ လောကတ္တလူမှုရေးအသင်းမှ ဦးကျော်လွင်စိုးက နှစ်ပတ်လည် ဂုဏ်ပြုစကားပြောကြားသည်။

သွေးလှူရှင်များအချင်းချင်း ရင်းနှီးစွာတွေ့ဆုံပြီး ၂၀၂၀ ဇူလိုင်လမှ ယနေ့ထိ ၃ နှစ်တာကာလအတွင်း သွေးလှူဒါန်းမှုများ၊ ကိုဗစ်ကာလအတွင်း မိုးကောင်းမြို့နယ်၌ အောက်စီဂျင် မပြတ်လတ်အောင် ကူညီဆောင်ရွက်ခဲ့သည်ကို ၃ နှစ်ပြည့် ဂုဏ်ပြုပွဲပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် အကြိမ်(၃၀)နှင့်အထက် သွေးလှူရှင်များအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများပေးအပ်ပြီး အသင်းဥက္ကဋ္ဌ ဦးစောမျိုးထိုက်နှင့် ရန်ပုံငွေရှာဖွေရေးနာယကတို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဖြူစင်မေတ္တာသွေးကမ္ဘာအသင်းသည် သွေးလှူရှင်ဦးရေ(၅၀၀)ကျော်ဖြင့် သွေးလိုအပ်မှုအားကူညီဆောင်ရွက်နေပြီး လတ်တလောအချိန်ထိ သွေးပုလင်းစုစုပေါင်း (၁၃၀၀)ကျော် လှူဒါန်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)