ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရ‌သေးသည့်     ကလေးငယ်များအား  Mobile စနစ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

ဒဂုံမြောက်  ဇူလိုင်  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ  အသက်တစ်နှစ်မှ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် ကလေးငယ်များ၊ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် ကလေးငယ်များနှင့်  ကျန်းမာ‌ရေးစောင့်ရှောက်မှုလုပ်ငန်းများအား  ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းနှင့် ဆလုံဒူးဝါးလမ်းတွင် Mobile စနစ်ဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများကကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ကိုယ်အလေးချိန်ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီးနောက် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံ‌‌ပေးရာတွင် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါစသည့်ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ သတ်မှတ်အကြိမ်ရေ ပြည့်မီစေရေးအတွက် ရပ်ကွက်များအတွင်း ကွင်းဆင်း၍ Mobile စနစ်ဖြင့် ဆက်လက်‌‌ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိခင်နှင့်ကလေးများ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကလေးများအား အကြိမ်ပြည့်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကာကွယ်ခြင်းသည်ကုသခြင်းထက် ထိရောက်စေနိုင်မည်ဖြစ်‌‌ကြောင်း  အသိပညာပေးဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကူညီပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ