သထုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းများ လိုက်လံဆက်ကပ်လှူဒါန်း

သထုံ        ဇူလိုင်       ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ရေးအတွက် ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက်ဝန်းကျင် စုပေါင်းသန့်ရှင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ကျောက်တိုက်အသီးသီးတို့၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့်အဖွဲ့ဝင်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ညောင်ဝိုင်းကျောင်းတိုက်၊ နန်းခဲရပ်ကွက်ရှိ အဘယသုခကျောင်းတိုက်နှင့် လိပ်အင်းရပ်ကွက်ရှိ ဝေဠုဝန်ကျောက်တိုက်တို့၌ ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်များ ဆက်ကပ်လှူဒါန်းပေးကြပြီး ကျောင်တိုက်အသီးသီးတို၌ ခြင်အန္တရာယ်ကင်းရှင်းရေးနှင့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ရေးအတွက် အမှိုက်များ၊ မြက်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ကျောင်းတိုက်အတွင်း သံဃာတော်များ သီတင်းသုံးရာနေရာများနှင့် ရေချိုးခန်း၊ ကုဋီစသည်တို့ကို သန့်ရှင်းရေးဆောင်ရွက်နေသူတို့အား လိုက်လံကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကြသည်။

သထုံမြို့နယ်တွင် ပရိယတ္တိစာသင်တိုက်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်း‌စုစုပေါင်း ၃၄၀ ကျော်ခန့်ရှိပြီး ရဟန်း၊ သာမဏေစုစုပေါင်း ၆၄၀၀ ခန့် ဝါဆိုဝါကပ်တော်မူကြမည့်ဖြစ်ရာ သံဃာတော်များ စိတ်အေးချမ်းသာစွာသီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆိုသင်္ကန်းများလှူဒါန်းခြင်းနှင့် ကျောင်းတိုက်အားလုံးတို့၌ လုပ်အားဒါနပြုခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်