ရပ်စောက်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရပ်စောက် ဇူလိုင် ၂၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်စိမ်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်သီတာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုဦးစီး(ကာယ) ဒေါ်အမာကြူမှ ပညာရေးနှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်ခေါင်းဆောင်မှု၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

ထို့နောက် မြို့နယ်အားကစားမှူးမှ အဆိုပါကျောင်းသို့ အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားမှူးမှ ကျောင်းသား၊ ကျောင်းသူများကို အားကစားကဏ္ဍ အမေး/ အဖြေများ ပြုလုပ်ဆောင်ရွက်ပြီး အဖြေမှန်သူ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ရာ အဆိုပါလူငယ်ရေးရာ ဟောပြောပွဲအခမ်းအနားသို့ ကျောင်းသား/ ကျောင်းသူ(၄၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆုမွန်