အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စု များအား (SMC-19)အဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေး အောက်တိုဘာ ၁၃

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများ ကြောင့်အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား Save Mandalay From Covid-19 (SMC-19) အဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်၉နာရီခွဲက အဆိုပါရပ်ကွက်ရှိအသွားအလာကန့်သတ်ထားသည့် နေရာများတွင် ပြုလုပ်သည်။

အောင်မြေသာစံရပ်ကွက်တွင် အသွားအလာကန့်သတ်ထားသည့် အကွက်(၁၁၃)ရှိ အိမ်ထောင်စု (၃၅)စုနှင့် အကွက်(၁၁၆)ရှိ အိမ်ထောင်စု (၇၄)စုတို့အတွက် အိမ်ထောင်စု တစ်စုလျင် ဆန်သုံးပြည်၊ ဆီ၂၅ကျပ်သား၊ ကုလားပဲ၂၅ကျပ်သား၊ Royal D ငါးထုပ်၊ ဟန်းဂျယ်တစ်ဘူး၊ တစ်ရှူးတစ်ထုပ်တို့ အားမန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦး ဦးဆောင်သော Save Mandalay From Covid-19 (SMC-19)အဖွဲ့က ထောက်ပံ့ ပေးအပ်ရာ အောင်မြေသာစံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်တို့က လက်ခံရယူကြသည်။

ထို့နောက် အဆိုပါ ထောက်ပံ့ပစ္စည်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အိမ်ထောင်စုများအလိုက် ခွဲဝေထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 ဇော်လင်းဦး(အောင်စံ)