ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကြီး ဇူလိုင် ၂၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်မြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေးတော်မူကြသည်။

ဆက်လက်၍ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တတေဇဝန္တထံမှ ဝါဆိုသင်္ကန်းအညွှန်းတိုင်တည်ပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး သီလရှင်ဆရာလေး(၅)ပါးအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ဇနီးတို့က သီလရှင်ဝတ်စုံအား ဆက်ကပ်လှူဒါန်းပေးကြပြီး သိမ်တောင်ပရိယတ္တိစာသင်တိုက်ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ထိုနောက် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)