နမ့်ခမ်း ဇူလိုင် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွက် မိုးစပါးလျာထားဧက ၁၂၂၈၆ စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ လယ်သမားတောင်သူများက ၂၀၂၃ ခုနှစ် မိုးစပါးအတွက် DU-16 စပါးမျိုး (အထူးအထွက်တိုး စားသုံးရန်ကောင်းမွန်သော ဆန်အပျော့ စပ်မျိုးစပါး)ကို အများဆုံး စိုက်ပျိုးကြပြီး အခြားသီးနှံများဖြစ်သော ကြံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။ လယ်သမားတောင်သူများမှ စိုက်ပျိုးရန်ကြိုက်နှစ်သက်သည့် DU-16 စပါးမျိုးသည် စပါးအထွက်တိုးခြင်း၊ ဒေသရာသီဥတုနှင့် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းခြင်း၊ ဆန်အပျော့ဖြစ်၍ ဒေသခံများစားသုံးရန် နှစ်သက်ခြင်း၊ ဒေသတွင်း၌ ဈေးကောင်းပြီး အရောင်းအဝယ်သွက်ခြင်း၊ တောင်သူများအတွက် စီးပွားရေးတွက်ခြေကိုက်ခြင်းတို့ကြောင့် တောင်သူများစိုက်ပျိုးရန် နှစ်သက်ခြင်းဖြစ်ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှလည်း ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရေးကာလတွင် DU-16 စပါးအား မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးခြင်းအတွက် ၁၀ ဧကကျော်ခန့်အား တောင်သူများနှင့်ပူးပေါင်း၍ စိုက်ပျိုးထားရှိပြီး လိုအပ်သည့် စိုက်ပျိုးဖြစ်ထွန်းရေး၊ စပါးဖျက်ပိုး၊ မှိုရောဂါကာကွယ်ရေး၊ လေလွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြိုန့ယ်၌ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းအတွက် ဇူလိုင်လ နောက်ဆုံးပတ်တွင် မြို့နယ်လုံးကျွတ် ထွန်တုန်းပိတ်သိမ်းခြင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးထံမှ သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)