စဉ့်ကိုင်မြို့နယ်နှင့် တံတားဦးမြို့နယ်များအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး၊အဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ကျောက်ဆည် ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ အသက်(၈၅)နှစ်အထက်  အသက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ  ယမန်နေ့ မွန်လွဲ(၃)နာရီက ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းစိုးနှင့် တာဝန်ရှိသူများသည် စဉ့်ကိုင်မြို့နယ်နှင့် တံတားဦးမြို့နယ်အတွင်းရှိ အဘိုး၊အဘွားများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်နိုင်ရေး သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်ကြီးအဘိုး၊အဘွား (၇၃၈)ဦးအတွက် ထောက်ပံ့ငွေ(၂၂၁၄၀၀၀၀)ကျပ်ကို စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မင်းဆင့်အားလည်းကောင်း၊ တံတတားဦးမြို့နယ်အတွင်းရှိ အသက်ကြီးအဘိုး၊အဘွား(၉၆၂)ဦးအတွက် ထောက်ပံ့ငွေ (၂၈၈၆၀၀၀၀)ကျပ်ကို တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်ကို လည်းကောင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)