မြောက်ဦး ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချသော ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်း ပညာသင်တန်း (၄/၂၀၂၃) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းဆင်းပွဲတွင် မြောက်ဦးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပန်းကြာမုံက ဒေသတွင်းပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို သင်တန်းနည်းပြများအဖြစ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်းနှင့် အငယ်တန်းစာရေး ဒေါ်စုမြတ်နွယ်တို့က (၂၀-၇-၂၀၂၃) ရက်နေ့မှ (၂၆-၇-၂၀၂၃) ရက်နေ့အထိ ပေါင်မုန့်၊ ကိတ်မုန့်နှင့် ကွတ်ကီးအမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများကို သင်ကြားပို့ချပေးခဲ့ပြီး မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်၊ အလယ်ဈေးရပ်ကွက်၊ ထမ္မရာဇ်ရပ်ကွက်နှင့် နန်းကျားကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးမောင်မောင် (မြောက်ဦး)