သံတွဲ ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်(၈)နာရီအချိန်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်းပါဝင်ပြီး တာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျှင် အသက်ဆုံးရှုံးနိုင်သည်အထိဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေး အတွက် အမှတ်(၄)ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် များပြုလုပ်ပေးခြင်းနှင့် ရေတွင်း ရေကန်များအား စစ်ဆေးခြင်းများဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးအောင်