ကွတ်ခိုင်မြို့၌ ပညာရေးဝန်ထမ်းများကို(Biometric Data) ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်

ကွတ်ခိုင် ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဆရာ၊ ဆရာမများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)  ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းကစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွတ်ခိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဇော်မိုးအောင်နှင့် ဝန်ထမ်းများက ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ၄င်းတို့၏ မိသားစုဝင်များအား နိုင်(၄) အချက်အလက်များပေါ် အခြေခံ၍ နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ အချက်အလက်များမှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ လက်ဗွေရာများရယူခြင်းများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀) လုံးပါဝင်သည့် Unique ID နံပါတ်များသတ်မှတ်၍ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ၏ အချက်အလက်များကို ဆက်လက်ကောက်ယူရေး ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးထံမှ သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)