ဆီဆိုင် ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ ကျေးရွာအုပ်စု ဘောလုံး ပြိုင်ပွဲကို ဩဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းမှာ ရပ်ကွက်ကျေးရွာအတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များကို မြို့နယ်ဘောလုံးအဖွဲ့ချုပ်က ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန်၊ ဤပြိုင်ပွဲမှ ခြေစွမ်းခြေစရှိသော လူငယ်ကစား သမားများကို ရွေးချယ်ကာ ခရိုင်/ပြည်နယ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်၊ မြန်မာ့ဘောလုံး အဆင့်အတန်းတိုးတက်မြှင့်မားရေးအတွက် အတိုင်းအတာတစ်ခုအထိ အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက်(၂၅)နှစ်အောက် ရပ်ကွက်/ ကျေးရွာအုပ်စု အမျိုးသား/အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် အသင်းများက ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ဩဂုတ်လ ၂ ရက်နေ့တွင် နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဇော်ထွန်းထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)