တန့်ယန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

တန့်ယန်း ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ဘုရားအနေကဇာတင်နှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက သုံးထပ်ကျောင်းဆောင်ဘုရားခန်း၌ ကျင်းပသည်။

ရှေးဦးစွာ ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ တပ်ဦးတောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဆန္ဒိမာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်၊ ကျောင်းအကျိုးဆောင်များနှင့် မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက ဝါဆိုသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်းလောင်း အမျှအတမ်းပေးဝေခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)