ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဆင်ဖြူရှင်ဘုန်းတော်ကြီးကျောင်းအစုအဝေးရှိ အုတ်ပြဿဒ်ကျောင်းကြီး၊ ဓမ္မသာလာဆောင်၊ ရေကန်နှင့်သီဟိုဋ်ပုံပုထိုးတို့အား လေ့လာဖူးမြှော်နိုင်

ညောင်ဦး ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဆင်ဖြူရှင်ဘုန်းတော်ကြီးကျောင်းအစုအဝေးရှိ အုတ်ပြဿဒ်ကျောင်းကြီး၊ဓမ္မသာလာဆောင်၊ ရေကန်နှင့် သီဟိုဋ်ပုံပုထိုးတို့အား လေ့လာဖူးမြှော်နိုင်ကြောင်း သိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဆင်ဖြူရှင်အုတ်ကျောင်းတိုက်သည် ပုဂံခေတ်နောက်ပိုင်းနှင့် နှောင်းပိုင်းကာလများတွင် တည်ထားကိုးကွယ်ခဲ့သည့် ထေရဝါဒဗုဒ္ဓတက္ကသိုလ် ကြီးတစ်ခုဖြစ်ကာ ကျောင်းတိုက်ကြီးကို နှစ်ထပ်တံတိုင်းဖြင့် ကာရံတည်ဆောက်ထားသည်။ ဆင်ဖြူရှင်ဂူဘုရားမှာ တံတိုင်းအတွင်း အနောက်မြောက်ဘက်တွင်တည်ရှိပြီး အရှေ့ဘက်လှည့်နှစ်ထပ်လိုဏ်ဂူဘုရားဖြစ်သည်။ အာရုံခံအတွင်း ကျောက်စာတိုင်(၃)တိုင်ရှိကာ တံတိုင်းနှစ်ထပ် အကြားတွင် ကျောင်းတိုက်ငယ်(၄၀)ကျော်တည်ဆောက်ခဲ့ပြီး ရဟန်းငယ်များ သီတင်းသုံးနေထိုင်ခဲ့ကြောင်း၊ အတွင်းတံတိုင်းအတွင်းရှိ အဆောက်အအုံများမှာ ဂူဘုရား၊ သိမ်၊ အုတ်ပြဿဒ်ကျောင်းကြီး၊ ဓမ္မသာလာဆောင်၊ ရေကန်နှင့်သီဟိုပုံပုထိုးတို့ဖြစ်ပြီး ယခုအခါ အဆောက်အအုံအချို့မှာ ပျက်စီးယိုယွင်းလျက်ရှိပြီး အုတ်ကုန်းအချို့သာ ကျန်ရှိတော့သည်။ သက္ကရာဇ် ၆၉၂ ခုနှစ်တွင် ရေးထိုးထားသော မဟာထေရ်၏ ကျောက်စာများလည်းရှိကြောင်း နံရံပန်းချီနှင့်အင်္ဂတေပန်း လက်ရာအချို့ကျန်ရှိနေသေးသည်ကို လေ့လာတွေ့ရှိနိုင်သည်။

ဆင်ဖြူဘုန်းတော်ကြီးကျောင်း အစုအဝေး၏ အရှေ့ဘက်တွင် လေးမျက်နှာဘုရား၊ နရသီဟပတေ့ဘုရား၊ သမ္ဘူလဘုရား၊ ဘုရားသုံးဆူ၊ အနောက်တောင်ဘက်တွင် ပြဿဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ အနောက်ဘက်တွင် စူဠာမဏိဘုရား၊ ပံ့သကူမဟာထေရ်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင်  ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများကို လေ့လာနိုင်ကြောင်း သိရသည်။

ဒီပါလင်း