မိုးညှင်း ဇူလိုင် ၂၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပင်မြို့သရက်ချောင်းနှင့် နန့်မွန်းမြို့မှ ချောင်းရေများမြင့်တက်လာခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်များတွင် ဇူလိုင် (၂၇) ရက် နံနက် (၅) နာရီခွဲက ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်မွန်းချောင်း၊ မမုန်ကိုင်ကျေးရွာအုပ်စု၊ မိုင်းနောင်ကျေးရွာရှိ ခေါင်းတုံချောင်းနှင့် ဟဲပုကျေးရွာအုပ်စု၊ နန့်မောက္ကန်ရွာရှိ နန့်မောက္ကန်ချောင်းများ ရေကြီးမှုကြောင့် နန့်မွန်းမြို့ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ မိုင်းနောင်ကျေးရွာနှင့် နန့်မောက္ကန်ကျေးရွာအနိမ့်ပိုင်းရှိ လူနေအိမ်များ၊ ဟိုပင်မြို့ မြဇေယျာရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်ခြင်းများဖြစ်ပေါ်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိုခိုက်မှုမရှိကြောင်း၊ ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ ရွှေ့ပြောင်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံဆော်ဩလျက်ရှိကြောင်း သိရသည်။
ထို့အတူ ဟိုပင်-နန့်မွန်း-ညောင်ပင်-ဟွေလုံ သွားကားလမ်းမပေါ်များတွင် ရေကျော်ခြင်းများနှင့် မိုင်တိုင်အမှတ် (၁၂)နှင့် (၁၃)အကြား ကားလမ်းအနီးရှိ ကမ်းပါးများပြိုကျမှုကြောင့် ကားလမ်းပေါ်သို့ မြေစာများ၊ ကျောက်တုံးကျော်ခဲများ၊ သစ်ပင်များလဲကျခဲ့ပြီး ကားလမ်းပိတ်ဆို့လျက်ရှိရာ နန့်မွန်းမြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး အဆိုပါကားလမ်းပေါ်မှ မော်တော်ယာဉ်များ လွယ်ကူစွာသွားလာနိုင်ရေးအတွက် အလျဉ်အမြန် ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
အဆိုပါမိုးရွာသွန်းမှုကြောင့် မမုန်ကိုင်ကျေးရွာအုပ်စု မိုင်းနောင်ကျေးရွာရှိ အထက(မိုင်းနောင်) ကျောင်းမှ အုတ်တံတိုင်း (၆) ပေအမြင့်ရှိ အလျားပေ (၁၃၀) ခန့်နှင့် သံပန်းတံခါး (၁)ချပ်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း (ပြန်/ဆက်)