ပင်းတယ ဇူလိုင် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိပြီး မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် ခရမ်းချဉ်သီးယိုပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
သင်တန်းကို ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာနမှ အခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ ယနေ့တွင် ခရမ်းချဉ်သီးယိုပြုလုပ်နည်းသင်တန်းအား ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာန၊ ဒေသဦးစီး မှူးဒေါ်အေးအေးသန့်နှင့် နည်းပြဆရာမတို့က စာတွေ့လက်တွေ့ အသေးစိတ် သင်ကြားပေးလျက်ရှိပြီး သင်တန်းသား/သင်တန်းသူ ၂၀ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရမ်းချည်သီးယိုပြုလုပ်ရာတွင် ခရမ်းချဉ်သီး (၁)ပိဿာ၊ သကြား (၃၀)ကျပ်သား၊ ထုံး(မဖောက်ထုံး) (၂)ကျပ်သား၊ အချဉ်ခဲ (၀.၂)ရာခိုင်နှုန်း၊ ဆား(၀.၂)ရာခိုင်နှုန်း၊ ပျားရည်(၂)ဇွန်း(ထမင်းစားဇွန်း)၊ ကပ်စေးနဲ (၂)ဇွန်း(ထမင်းစားဇွန်း)၊ သံပရာသီး(၂)လုံး တို့ကိုလိုအပ်ပြီး ခရမ်းချဉ်သီးများကို နှစ်ခြမ်း ခွဲကာ ရေဇလုံတွင်ထည့်၍ အစေ့များစင်ကြယ်အောင်ရေဆေးပြီး ရေစစ်ထားရမည်။ ထုံးရေကြည် (မဖောက်ထုံး)တွင် အသီးများကို တစ်ညစိမ်ထားပြီး ထုံးများမကျန်အောင်ရေစစ်ထားရမည်။ သကြားများ အား အသီးများပေါ်သို့ဖြူး၍ သကြားများအရည်ပျော်သည်အထိ နေရောင်တွင်ခဏထားရမည်။ထို့နောက် မီးဖိုပေါ်တွင် သကြားရည်နှင့် အသီးများကိုပြုတ်ပြီး သကြားရည် ပွက်ပွက်ဆူလာချိန်တွင် သံပရာသီးကိုခြမ်း ၍ အစေ့များဖယ်ကာ အရည်ညှစ်ထည့်ကာ သကြားရည်ဖြင့်တစ်ညစိမ်ထားရပါမည်။နောက်နေ့တွင် အသီး အဖတ်များကိုဆယ်ယူ၍ အရည်စစ်ထားပြီး သကြားရည်ကို မီးဖိုပေါ်တွင် တစ်ဝက်ခန့် ခမ်းအောင်ကြိုကာ ဆား၊ အချိုမုန့်အနည်းငယ်ကိုထည့်ပါ။ သကြားရည်များစီးလာပါက ပျားရည်၊ ကပ်စေနဲတို့ကိုထည့်ပြီး သကြားရည်များစီးလာပါက အသီးဖတ်ဇလုံထဲသို့ထည့်ကာ တစ်ညစိမ်ထားပါ။ နောက်နေ့တွင် အသီးဖတ်များ ဆယ်ကာ အသီးဖတ်များခြောက်သည်အထိ နေလှန်းထားရပါမည်။ အသီးဖတ်များ ခြောက်ပါက အိတ်ဖြင့်ထုပ်ကာ ဈေးကွက်အတွင်းရောင်းချ၍ ရပါပြီဟု သင်တန်းနည်းပြဆရာမထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)