ဝမ်းတွင်းမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မိဘအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ဝမ်းတွင်း ဇူလှိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မိဘအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၊ ဝမ်းတွင်း မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေတင့်က အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဝမ်းတွင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဝမ်းတွင်း မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်ဝေဝေကျော်က ECCD ရှေးဦးအရွယ် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ မူလတန်းကြိုကျောင်း၏ အဓိပ္ပါယ်နှင့် မူလတန်းကြိုကျောင်း ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များ၊ ကလေးဖွံ့ဖြိုးမှု(၅)ရပ်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော မိဘများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိုနှိုင်း ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရှေးဦးအရွယ် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မိဘအသိပညာပေးဆွေးနွေးပွဲသို့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေတင့်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၈၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)