ကျောက်ဆည် ဇူလိုင်၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီက လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက အားကစားနှင့် ပညာရေးသည် ဆက်စပ်မှုရှိပြီး အားကစားသည် ရှေးယခင် ကတည်းက ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ရေး၊ ဦးနှောက်နှင့်ဉာဏ်ရည် ထက်မြက်စေရေး၊ အားကစားသည် အရေးကြီးသည့် ကဏ္ဍတွင် ပါဝင်ကြောင်း၊ ကျန်းမာကြံ့ခိုင်သည့်ဘဝ ပိုင်ဆိုင်စေရန်အတွက် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်းကို လုပ်ဆောင်ရမှာ ဖြစ်ကြောင်းစသည့် အားကစာပြုလုပ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာရေးတွင် ထူးချွန်စွာကြိုးစားရန်၊ ရည်မှန်းချက်ထားပြီးပညာရေးကို ဆုံးခန်းတိုင်အောင် ကြိုးစားသွားကြစေရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တအကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အားကစားသမားများက မြန်မာ Fitness Dance အကများဖြင့် ဖျော်ဖြေခဲ့ပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ကိုယ်စား အထက်တန်းပြဆရာမ ဒေါ်ကေသီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)