မော်လမြိုင် ဇူလိုင် ၂၈
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၉/၂၀၂၃) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “တို့ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း ကို မောင်မယ်တို့ ကောင်းမွန်အောင်မြင်စွာ တက်ရောက်ပြီးစီးတဲ့အတွက် လွန်စွာဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးဟာ အခြေခံ အကျဆုံး အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ “ယနေ့လူငယ်နောင်ဝယ်လူကြီး”ဆိုတဲ့ ဆိုရိုးစကား အတိုင်း အရည်အချင်း ပြည့်ဝတဲ့လူငယ်များစွာကို မွေးထုတ်ပေးနိုင်ပါမှ နောင်အနာဂတ် နိုင်ငံတော်ကြီး ပိုမိုစည်ပင်ဖွံ့ဖြိုးတိုးတက်မှာ ဧကန်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ဟာ အမိကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ဆရာအတတ်ပညာကို စာတွေ့နဲ့ သရုပ်ပြ သင်ကြားပြသခြင်းကို ကောင်းစွာခံယူပြီးပေမဲ့ လုပ်ငန်းခွင်မဝင်ခင် မိမိရပ်ရွာမှ လက်တွေ့ တန်းပြ သင်တန်းဆင်းရဦးမယ်လို့ သိရပါကြောင်း၊ စာတွေ့လက်တွေ့ ပေါင်းစပ်ပြီး အခြေခံ ပညာကဏ္ဍ အတွက် လိုအပ်နေတဲ့ ဆရာအရည်အသွေး ပြည့်ဝသော ဆရာတစ်ယောက်အဖြစ် နိုင်ငံ့တာဝန် ကျေပွန်စေချင်ပါကြောင်း၊ လူတိုင်းအခြေခံပညာကို သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ရာမှာ အဓိကကျတဲ့တာဝန်ကို ထမ်းဆောင်ရမဲ့ ဘွဲ့ရလုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်းသား၊ သင်တန်းသူများကို အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမတွေဖြစ်အောင် ကြိုးစားကြဖို့ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်မဲ့ ၂၁ ရာစုကျွမ်းကျင်မှုများကို သင်ကြား ပို့ချ ပေးနိုင်သူ၊ ကလေးများအပေါ်မှာ မှန်ကန်တဲ့ စိတ်ထားနဲ့ သင်ကြား ပြသတတ်သူ၊ ဆရာကောင်း၊ ဆရာမွန်များအဖြစ် အမိနိုင်ငံတော်ကြီးရဲ့ ပညာရောင်ခြည် ထွန်းတောက်လာအောင် အင်တိုက် အားတိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထိုနောက်မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မိညိုညိုရှိန်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ဆုရ သင်တန်းသား၊ သင်တန်းသူများအား မွန်ပြည်နယ် ၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် မွန်ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဆုများပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက “ပညာပျိုးခင်းကြဲလေသူ” သီချင်းဖြင့် သီဆို ဖျော်ဖြေခြင်း၊ “ပြည့်ရတနာ” သီချင်းတို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာကြသော သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။
အဆိုပါ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၉/၂၀၂၃)ကို မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၆၃)ဦး သင်တန်းဆင်းကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)