ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၁၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြိုတင် ကာကွယ်သွားနိုင်ရန်အတွက် အခြေခံပညာကျောင်း အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ ငါးခုကို မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး ယနေ့ နံနက်ပိုင်းက (အ.ထ.က-ထန်းတပင်) အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ အလှူရှင်များက ရောဂါ ကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများကို လာရောက်လှူဒါန်း ပေးခဲ့ကြကြောင်း သိရသည်။
လှူဒါန်းရာတွင် ထန်းတပင်မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က အ.ထ.က (ထန်းတပင်) စင်တာ၌ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန်အတွက် ရောဂါကြိုတင်ကာကွယ်သုံးပစ္စည်းများဖြစ်သည့် PPE Full Set (၁၀)စုံနှင့် လက်အိတ်(၁၀)ဘူး၊ ထန်းတပင်မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းမိသားစုတို့နှင့် ဦးထွန်းထွန်းနိုင် မိသားစုတို့မှ PPE Full Set (၁၀)စုံနှင့် လက်အိတ်ဘူး(၁၀)စုံတို့ကို လှူဒါန်းခဲ့ကြရာ အ.ထ.က(ထန်းတပင်)စင်တာရှိ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်နှင့်တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် သွားနိုင်ရန်အတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို (အ.ထ.က-ထန်းတပင်) အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် အသွားအလာကန့်သတ်မှုများကို ဆောင်ရွက်ထားရှိပြီး အ.ထ.က(ထန်းတပင်)စင်တာတွင် အသွားအလာကန့်သတ်ထားရှိသူဦးရေ (၅၈)ဦးထိရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)