ကံမမြို့နယ် ဒဂုံကွင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကံမ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် (၁) နာရီက ကံမမြို့နယ် သစ်မယ်ဇီကျေးရွာအုပ်စု ဒဂုံကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူးခင်ဝင်းဇော်နှင့် အဖွဲ့ဝင်(၂) ဦးမြင့်ရွှေတို့က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး ကိစ္စရပ်များအား  ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှုအခြေအနေများအား ပြောကြားကြပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)