နောင်ချို ဇူလိုင် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (Biometric Data) အချက်အလက်များကောက်ယူ၍ Unique ID (UID)နံပါတ်များ ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နောင်ချိုမြို့ မြို့မရဲစခန်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ E-ID Biometric အချက်အလက်များကောက်ယူခြင်း လုပ်ငန်းများအား နောင်ချိုမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များကို (Biometric Data)အချက်အလက်များ ကောက်ယူ၍ တစ်ဦးချင်းစီအား QR Code ပါရှိပြီး ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်စာရွက်များကို ပြန်လည်ထုတ်ပေးခဲ့ပြီး ၎င်းစာရွက်တွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ သွေးအုပ်စု၊ နေရပ်လိပ်စာ၊ ကောက်ယူသည့်စက်နှင့် စာရင်းသွင်းရက်စွဲများ ပါရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ E-ID Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် Unique ID (UID)နံပါတ်များ ထုတ်ပေးခြင်းလုပ်ငန်းကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)