မြစ်သားမြို့နယ် မြို့မစျေးအတွင်း ပလတ်စတစ် လျှော့ချအသုံးပြုသော ပတ်ဝန်းကျင်ဖြစ်စေရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေး

မြစ်သား ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပလတ်စတစ် သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာဖြစ်သည့် မြို့နယ်စည်ပင်သာယာစျေးအတွင်း၌  ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဒုတိယညွှန်ကြားရေးမှူး   ဦးစိုးအောင်နှင့်ဝန်ထမ်းများ၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  တာဝန်ရှိသူများက  ပလတ်စတစ် ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပလတ်စတစ်၏ ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားနိုင်သော ရောဂါများ၊ ပလတ်စတစ်ညစ်ညမ်းမှုအား ဖြေရှင်းရန်  နည်းလမ်းများ  ပလတ်စတစ်လျှော့ကျသော ပတ်ဝန်းကျင်ဖြစ်စေဖို့အတွက် အချက်(၉)ချက်၊ ပလတ်စတစ်စွန့်ပစ်မှုနှင့် စွန့်ပစ်သည့်  နည်းလမ်းများ ပါရှိသော ပလတ်စတစ်အိတ် / ကြွပ်ကြွပ်အိတ် မသုံးစွဲရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပလတ်စတစ် အသုံးပြုမှုလျှော့ချခြင်းဖြင့်  သဘာဝပတ်ဝန်းကျင် သာယာလှပရေးကို  အထောက်အကူပြုကြရန် ၊ပလတ်စတစ်/ ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချ၍ စက္ကူအိတ် ၊ အင်ဖက် ၊ ငှက်ပျောဖက်ရွက်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)