စစ်တွေ ဇူလိုင် ၂၈
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြကာ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ဌာနဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားလည်းကောင်း၊ နန္ဒာရာမ ဘုန်းတော်ကြီး ကျောင်းတိုက်အတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် သာသနာရေးဆိုင်ရာအဆောက်အဦများ ပြုပြင်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲသို့တက်ရောက်ကြသည်။ အလှူငွေပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ အောင်ချမ်းသာကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ ငွေကျပ်သိန်း(၁၀၀)၊ လပွတ္တာမြို့နယ်၊ ဘီးတွတ်ရွာ၊ စိန်ရတနာလင်း ဆန်စက်လုပ်ငန်းပိုင်ရှင် ဦးသန်းဦးဇနီး ဒေါ်ခင်ပြုံးရီတို့မှ ငွေကျပ်(၅)သိန်း၊ ဧဝံဂေလိ(အေဂျီ) အသင်းတော်များ အထွေထွေသာသနာကောင်စီမှ ငွေကျပ်သိန်း(၂၀)၊ မြန်မာနိုင်ငံ ဆိုင်ကယ်ကုန်သည်ကြီးများအသင်းမှ ငွေကျပ်(၁၂၅၁၀၀၀၀)၊ ထိုင်းနိုင်ငံ၊ ခွန်ကန်မြို့၊ ဒယ်ချားငါးဖမ်းပိုက်စက်ရုံမှ မြန်မာနိုင်ငံသားအမျိုးသားအလုပ်သမား ဦးနိုင်ဦးအပါ (၁၁) ဦးမှ ငွေကျပ်သိန်း(၂၀)တို့ကို လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရှုခင်းသာလမ်း (စာတိုက် လမ်းဆုံမှ စစ်တွေဟိုတယ်လမ်းဆုံအထိ) ၁၂၉၀၀ ပေလမ်းပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မြင့်က လမ်းအပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ပြီးစီးနေမှုနှင့် လမ်းတိုးချဲ့ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လုပ်ငန်းတစ်ခုချင်းအလိုက် ဆောင်ရွက်ပြီးစီးမှုများအား မှတ်တမ်းများထားရှိနိုင်ရေးမှာကြားကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွိုင့်အပန်းဖြေစခန်း ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ရှုခင်းသာလမ်းတစ်လျှောက် လမ်းအပိုင်းအလိုက်ပြုပြင်နေမှု၊ ကမ်းခြေသန့်ရှင်းသာယာရေးဆောင်ရွက်နေမှု၊ ဒီရေတောသစ်ပင်များ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ အဆိုပါအစည်းအဝေးခန်းမ၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင် ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)