ဘူးသီးတောင် ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှစုပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ မြို့သစ်ရပ်ကွက်ရှိ မြို့မဓမ္မာရုံ၌ ကျင်းပသော မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်း(၂၈)ကျောင်းမှ ပင့်သံဃာတော်(၂၈) ပါးတို့အား စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘူးသီးတောင်မြို့ အေးစေတီကျောင်းတိုက်ဩဝါဒစရိယ ဆရာတော်ဘဒ္ဒန္တသောမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတထံမှ အနုမောဓနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြပြီး ဆရာတော်အရှင် သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ အမှတ်(၅) တောင်ရပ်ကွက်ရှိ မြို့ပေါ်ရပ်ကွက်များအား ရေပေးဝေနေသော ကန်တော်ကြီးသို့ သွားရောက်ပြီး ကန်တော်ကြီအတွင်း ရေဝင်ရောက်မှု၊ ရေပေးဝေမှု၊ ရေသိုလှောင်မှု၊ မြို့တွင်းရေပေးဝေနိုင်မှု အခြေအနေများအား ကြည့်ရှုလေ့လာကာ သန့်ရှင်းသော သောက်ရေ၊ သုံးရေရရှိနိုင်ရေး၊ ကျွဲ/နွား၊ တိရိစ္ဆာန်များ ဝင်ရောက်နိုင်မှု မရှိစေရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြို့သစ်တောင်ရပ်ကွက်ရှိ မြို့မအားကစားကွင်းသို့သွားရောက်ပြီး အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၊ ပွဲကြည့်စင်နှင့်မိုးလုံ/လေလုံ အားကစားခန်းမတို့အားလှည့်လည်ကြည့်ရှုကာ ခရိုင်အဆင့်/မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် အားကစားကွင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)