လားရှိုး ဇူလိုင် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အဝင်တွင် တည်ထားကိုးကွယ်ထားသည့် ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီတော်သည် လားရှိုးမြို့၏ အထင်ကရ ဘုရားတစ်ဆူဖြစ်ပြီး ဘုရားဖူးပြည်သူများ၊ တရားအားထုတ်သူများဖြင့် လည်ပတ်သူများသော နေရာတစ်နေရာဖြစ်သည်။
အကျယ်အဝန်းအားဖြင့် ဧက ၃၀ ကျော်ရှိသော ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော် ပတ်ဝန်းကျင်တွင် ပြည်သူများလည်ပတ်စရာများဖြင့် စုံလင်လှသော၊ အနားယူအပန်းဖြေစရာ လေ့လာစရာများသော နေရာလည်း ဖြစ်ပါသည်။
ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်အဝင်တွင် WE LOVE LASHIO ဆိုင်းဘုတ်ဖြင့် စေတီတော်ကြီးအား နောက်ခံထားကာ လားရှိုးရောက်အမှတ်တရ ဓါတ်ပုံရိုက်နိုင်သလို ထိုမှတစ်ဆင့် ပြည်သူ့ဥယျာဉ်အတွင်းသို့ ဝင်ရောက်ကာ အပျော်တမ်းလှေစီးခြင်း၊ ကလေးများအတွက် ရထားစီးခြင်း၊ ကမ္ဘာကျော် ဇာတ်ကောင်ရုပ်များဖြင့် အမှတ်တရဓါတ်ပုံရိုက်ခြင်းများဖြင့် ဥယျာဉ်အတွင်း အနားယူ အပန်းဖြေမှုများလည်း ပြုလုပ်နိုင်သည်။
စေတီတော်၏ အနောက်ဘက်ခြမ်းတွင် ရပ်တော်မူဘုရား၊ လေးမျက်နှာဘုရား၊ လျောင်းတော်မူဘုရားကြီးများသို့လည်း သွားရောက်ဖူးမြော်နိုင်သကဲ့သို့ ရန်တိုင်းအောင်ရှုခင်းသာ၊ ရှမ်းမြောက်ဒေသ တိုင်းရင်းသားများ ဆုံဆည်းရာ ပန်းခြံသို့လည်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)