မောင်တော ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ နတ်မြစ်အနီး ကမ်းနားတစ်လျှောက် ဒီရေတောပင်များ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန် နတ်မြစ်ဝအတွင်း ကမ်းစပ်အနီး ဒီရေတော သွားရောက်စိုက်ပျိုးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦး ကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဟိန်းကျော်နိုင်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂရုဏာကွန်ယက်အဖွဲ့သားများနှင့်တာဝန်ရှိသူများသည် မြို့နယ်သစ်တောဦးစီးဌာနမှ နတ်မြစ်အနီး ကမ်းနားတစ်လျှောက် ဒီရေတောများ ပိုမိုများပြားလာစေရန်၊ ဒီရေတောပင်များ ပိုမိုများပြားလာခြင်းကြောင့် ရေချို၊ ရေငံ စပ်သတ္တဝါများဖြစ်သည့် ငါး၊ ပုဇွန်အစရှိသည့် ရေနေသတ္တဝါများ၏ သားပေါက်ဖွားနေရာ ပိုမိုများပြားလာစေရန်၊ ဒီရေတောဂေဟစနစ် ပိုမိုကောင်းမွန်လာစေရန်နှင့် မုန်တိုင်းကြောင့် သက်ရောက်မည့် လေဒဏ်၊ လှိုင်းဒဏ်အား ပိုမိုကာကွယ်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နတ်မြစ်နှင့် တက်ချောင်းဝ၊ နတ်မြစ်ကမ်းနားတစ်လျှောက်တွင် သမဲ့(သမဲ့ဖြူ)၊ သမဲ့ကြီး၊ သမဲ့ကြက်တက်၊ ဗြူးခြေထောက် စုစုပေါင်း ၃၆၃၀ ပင်အား တာဝန်ရှိသူများက သွားရောက်စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)