ပြည်သူလူထုမှ ပင်လောင်းမြို့နယ် ပညာရေးဌာနသို့ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

နောင်တရား ဇူလိုင် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ လင်ဖုံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ မူဒိတာဖောင်ဒေးရှင်းနှင့် ဒေသခံပြည်သူများ စုပေါင်းဆောက်လုပ်ထားသည့် တစ်ထပ်ကျောင်းဆောင်သစ်ကြီးကို ပင်လောင်းမြို့နယ် ပညာရေးဌာနသို့ ယမန်နေ့ နံနက် ၁၀:၃၀ နာရီတွင် လွဲပြောင်းပေးအပ်သည်။

အလျား ၉၀ ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၂ ပေ ရှိသည့် တစ်ထပ် ကျောင်းဆောင်သစ်ကြီးကို ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ညီညီမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးတင်ငွေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလင်း၊ မုဒိတာဖောင်ဒေးရှင်းတာဝန်ခံ ဦးခွန်အောင်စိန်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးညီညီမင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးတင်ငွေတို့က အမှာစကားပြောကြားပြီး မုဒိတာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်ကြီးနှင့်ပတ်သက်သည့် အချက်အလက်နှင့် စာရွက်စာတမ်းများ၊ စာပွဲခုံများကို မြို့နယ်ပညာရေးမှူးထံသို့ လွဲပြောင်းပေးအပ်သည်။ ထို့နောက် မုဒိတာဖောင်ဒေးရှင်းမှ တာဝန်ခံ ဦးခွန်အောင်စိန်က ကျောင်းဆောင်သစ်ကြီးဆောက်လုပ်မူနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

လင်ဖုံကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောက်လုပ်ပြီးစီးခဲ့သည့် အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ ရှိသည့် တစ်ထပ် ကျောင်းဆောင်သစ်ကြီးကို စာသင်ခန်း(၄)ခန်း၊ ရုံးခန်း(၁)ခန်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး၊ စာသင်စားပွဲခုံ ၁၃ စုံ၊ စာသင်ခုံ ၇ လုံး၊ ဆရာမစားပွဲ ၆ လုံး၊ ထိုင်ခုံ ၁၂ လုံးတို့ ပါဝင်ပြီး မုဒိတာဖောင်ဒေးရှင်းမှ အလှူငွေ (၁၅၆၂၆၂၆၀)ကျပ်နှင့် ပြည်သူလူထုမှ ထည့်ဝင်လှူဒါန်းငွေ (၃၂၅၃၂၈၁၇)ကျပ်ဖြင့် စုစုပေါင်း ငွေကျပ် (၄၈၁၅၉၀၇၇) ကျပ် ကုန်ကျခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ ကျေးရွာစိုက်ပျိုးရေးထွက်ကုန်များ လွယ်ကူစွာ ရောင်းဝယ်နိုင်ရန်အတွက် ကျေးရွာအဝင်လမ်းကို မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ်သို့လည်းကောင်း၊ မြို့နှင့်အလှမ်းဝေးသဖြင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်နှင့် ကျန်းမာရေးဆရာမ လိုအပ်လျက်ရှိကြောင်း လင်ဖုံကျေးရွာမှ ခွန်သန်းနိုင်က ပြောသည်။

ခွန်‌အောင်(နောင်တရား)