ရမည်းသင်း ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းသားလူငယ်များကို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကျောင်းဖြူကုန်းကျေးရွာရှိ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်း သား၊ ကျောင်းသူလူငယ်များကို မူးယစ်ဝါးအန္တရာယ် အသိပညာဗဟုသုတများ သိရှိစေရန်ရည်ရွယ်၍ လူငယ်များမူးယစ်ဆေးမသုံးစွဲမိစေရန် ရှင်းလင်းပြောကြားပြီး၊ ဦးစီးအရာရှိဒေါ်သန္ဒာလင်းမှ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြောကာ ကျောင်းသား၊ကျောင်းသူလူငယ်များအား မှတ်ဉာဏ်စွမ်းရည်အဖြစ် မေးခွန်းများမေးမြန်း၍ အပြန်အလှန်ဆွေးနွေးဆောင်ရွက်စေခဲ့ပြီးကျောင်းသုံးဗလာစာအုပ်များ ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များကိုပြသခဲ့ကြရာ ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူ လူငယ်များက စိတ်ဝင်စားစွာလေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်၊ရမည်းသင်း)