ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများထံသို့ သွင်းအားစုပစ္စည်းများပေးအပ်

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၂၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူအစုအဖွဲ့များထံသို့ သွင်းအားစုပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစောလှဝင်းအောင်နှင့် လေဆာဝေါ ကုမ္ပဏီနှင့် ဩဘာကုမ္ပဏီတို့မှ တာဝန်ရှိသူများ အမှာစကားများပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများထံသို့ သွင်းအားစုပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကျိုးတူ လယ်ယာစနစ်ဖြင့် ဆောင်ရွက်ကြသည့် တောင်သူများ စာချုပ်ချုပ်ဆိုခဲ့ကြပြီး     မိုးစပါး စိုက်ဧက (၂၂၄)ဧက စိုက်ပျိုးသွားကြမည့် ရေဖြူကျေးရွာမှတောင်သူ(၈)ဦး၊ ဘူသနွတ် ကျေးရွာမှ တောင်သူ(၁၁)ဦး၊ မဲပလီကျေးရွာမှတောင်သူ(၁၁)ဦး စုစုပေါင်း တောင်သူ(၃၀)ဦး ထံသို့ တစ်ဧက(၂)သိန်းနှုန်းဖြင့် ညီမျှသည့် သွင်းအားစုပစ္စည်းများကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကို နှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)