မိုင်းဖြတ် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် Facility Quarantine ဝင်နေသူ ၃၅ ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ရယူခဲ့ပြီး တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင် စစ်ဆေးထားကြောင်း သိရသည်။
ထိုသို့ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား နမူနာရယူရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့် ဝန်ထမ်းများက အ.ထ.က(ဟိုနား) Facility Quarantine Centre က အမျိုးသား ၁၉ ဦးနှင့် အ.ထ.က(မိုင်းဖြတ်) Facility Quarantine Centre က အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၃၅ ဦးထံက နမူနာရယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၃၅ ဦးသည် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံမျာတွင် မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက် ကြမည့် သူများဖြစ်ပြီး အခြားဒေသမှ ပြန်လည်ရောက်ရှိလာသည့် အတွက် Facility Quarantine ဝင်နေသူများဖြစ်ကာ ၎င်းတို့၌ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်း နာခြင်းစသည့် ရောဂါလက္ခဏာများ တစ်စုံ တစ်ရာ မရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)