လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို တစ်လလျှင် (၂) ကြိမ် ပြုလုပ်နိုင်ရန် ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀.၀၀) နာရီက ပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က လူမှုအသိုက်အဝန်း၏ လိုအပ်ချက်များ၊ လူမှုဘဝနှင့် ကိုက်ညီသော ဝန်ဆောင်မှုများပေးရန်နှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွါးစေရန်အတွက် စာပေဟောပြောပွဲများဆောင်ရွက်ပေးခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် စာပေဗဟုသုတတိုးလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးမြင့်အောင်က အခြေခံပညာကျောင်းများတွင် ဟောပြောပွဲနှင် ပြပွဲ ပြိုင်ပွဲများကို ပြန်/ဆက်ဦးစီးဌာနမှဦးစီး၍ပြုလုပ်ပေးမည်ဆိုပါက ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ထိုက်အောင်က ကျောင်းသား/ ကျောင်းသူများသည် အားကစားနှင့်ပတ်သက်၍ အသိပညာဗဟုသုတပိုင်းတွင် အားနည်းကြောင်းနှင့် အားကစားနှင့်ပတ်သက်သည့်အကြောင်းအရာများ သိရှိနိုင်ရန်အတွက် ဉာဏ်စမ်းပြိုင်ပွဲများပါ ပြုလုပ်ပေးနိုင်ရင် ပိုကောင်းမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြန်/ ဆက်ဦးစီးဌာနမှဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမများ၊ မြို့နယ်အား/ ကာမှူးနှင့် မြို့နယ်စာရေးဆရာများမှ ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်နိုင်ရန် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဇော် (ပြန်/ ဆက်)