ပေါက်တော ဇူလိုင် ၂၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာများရှိ တောင်သူများ အသုံးပြုနိုင်ရေးအတွက် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က နတ်တောင်ပြင်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ဗိုလ်မှူးချုပ်ဆန်နီအုန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က အမှာစကားများ ပြောကြားကြပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်သန်းဌေးက စူပါဘိုကာရှီမြေဆွေးပြုလုပ် သုံးစွဲရခြင်း၏ အကျိုးကျေးဇူးများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စူပါဘို ကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ပြုလုပ်ရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ဆွေအေးနှင့် ဝန်ထမ်းများက စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်ပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြသခဲ့ကြပြီး တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။ ဆက်လက်ပြီး နတ်တောင်ပြင်ကျေးရွာအုပ်စု၊ ကျောက်ဆိပ်ကျေးရွာ တောင်သူ ဦးထွန်းသာစိန်၏ ကွင်းအမှတ် (၁၀၈၅) ၌ စိုက်ပျိုးထားသော မိုးစပါး ပေါ်ဆန်းရင် SRI (၅) ဧက တောင်သူနည်းပညာပေး စံပြကွက်သို့ ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)