တောင်ကြီး အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကိုဗစ် ရောဂါ ကူးစက်မှုမရှိစေရန်အတွက် တောင်ကြီးမြို့အဝင် မြေပုံနီအတက်လမ်း၊ အရှေ့မြို့ပတ် လမ်း အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း အနီးနှင့် အရှေ့ မြို့ပတ်လမ်း အဆုတ်ဆေးရုံရှေ့ မီးပွိုင့်အနီးတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန် မှစတင်၍ (Mask) နှာခေါင်းစည်း မတပ်ဆင်လာသူများအား ဒဏ်ငွေ ၂၀၀ ကျပ်စီ ကောက်ခံ၍ အသိပညာပေးခြင်း ပြုလုပ်ခဲ့ ကြသည်။
ယင်းသို့ အသိပညာပေးရာတွင် နေအိမ်မှပြင်ပ ထွက်ခွာသူများ ဈေးနှင့်လူစုလူဝေး နေရာများသို့ သွား ရောက်ပါက (Mask) နှာခေါင်းစည်း မတပ်ဆင်သူများသည် ဒဏ်ငွေ ၂၀ဝကျပ် ပေးဆောင် ရမည်ဖြစ်ပြီး ဒဏ်ငွေ ၂၀၀ ကျပ် အနက် ၅ဝ ကျပ် မှာ (Mask) နှာခေါင်းစည်း ဝယ်ယူရန် ဖြစ်ကာ ကျန်ဒဏ်ငွေ ၁၅၀ ကျပ်မှာ ဒဏ်ကြေးအဖြစ် ကောက်ခံခြင်းဖြစ်ကြောင်းသိရသည်။
တောင်ကြီးမြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းသူနှင့် လိုက်ပါလာသူများနှင့် လမ်းသွား လမ်းလာများအနက် (Mask)နှာခေါင်းစည်း မတပ်ဆင် လာသူများကို ဒဏ်ငွေ ၂၀၀ ကျပ် ကောက်ခံရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် တာဝန်ကျဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး၊မြို့နယ်မှစေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်း အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ (Mask) နှာခေါင်းစည်း မတပ်ဆင် သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး အိမ်လိပ်စာယူခြင်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ် ယူခြင်းများဖြင့် ဒဏ်ငွေများ ကောက်ခံ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)