ဥတ္တရသီရိမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတွေ့ဆုံဆွေးနွေး

ဥတ္တရသီရိ ဇူလိုင် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ၌ တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဥတ္တရသီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက ဒေသခံတောင်သူများအနေဖြင့် ယခုတွေ့ဆုံပွဲတွင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများအတွက် လိုအပ်ချက်များ ရှိပါက သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ပါ ကြောင်းနှင့် တောင်သူများအနေဖြင့် မိမိတို့၏လိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြနိုင်ကြောင်း ပြောကြားကာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က မိုးသီးနှံဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးပြီးသည့် သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်း ရရှိစေရေး တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ပေးသည့် သွင်းအားစုများကို ပြည့်ပြည့်ဝဝ ထည့်သွင်းအသုံးပြုနိုင်ရန်၊ စိုက်ပျိုးထားသည့်သီးနှံများအား ဓာတ်မြေဩဇာ တစ်မျိုးတည်း အသုံးမပြုဘဲ သဘာဝမြေဩဇာနှင့် ၁ အချိုး ၃ ရောစပ်အသုံးပြုမှသာ မြေဆီဩဇာ တိုးတက်ကောင်းမွန်ပြီး အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း သီးနှံများထွက်ရှိရေး ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးအောင်သူက ဆင်လူးငန်းစပ်ကန်ကို သဲနှုန်းတူးဖော်ပြီး ဆည်ရေသောက်စနစ်ရှိ လက်တံနှစ် မြောင်းအားပြုပြင်၍ လယ်မြေဧရိယာများအား စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ရေကိုစနစ်တကျချွေတာ သုံးစွဲရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ် စီမံကိန်းရေး ဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဦးကြိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးမျိုးနိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးအောင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သူ၊ ဦးစီးအရာရှိ  ဦးနိုင်လင်းထွန်း၊  မြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာကေသီအောင်၊  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ၊ဇလောင်းကျေးရွာ၊ တောင်ညိုကျေးရွာ၊ မင်းကုန်းကျေးရွာ၊ မောင်းရမ်းကျေးရွာတို့မှ တောင်သူများတက်ရောက်ခဲ့ပြီး၊  စိုက်ပျိုးရေးကဏ္ဍနှင့် ရေပေးဝေမှု ကဏ္ဍများကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်မှဈေးနှုန်းချိုသာစွာဖြင့်ထောက်ပံ့ပေးအပ်သော ယူရီးယားဓာတ်မြေသြဇာများ ပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)