လားရှိုး ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူလေးများက ငါးပါးသီလဆောက်တည်ကာ မြို့မပရိယတ္တိစာသင်တိုက်အတွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြို့မပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကလျာဏထံ လှူဒါန်းငွေ သိန်းသုံးဆယ်ကျပ်ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)