ဇေယျာသီရိ ဇူလိုင် ၂၇
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ(တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နေပြည်တော်ကောင်းစီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ပြီး အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲဝင် ဦးကျော်သိန်းဆိုင်က ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာဖူလုံရေးနှင့် ဇေယျာသီရိမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရရှိသုံးစွဲနိုင်ရေး အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ နေပြည်တော်ကောင်စီအဖွဲဝင်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများ၏ တင်ပြချက်အရ ဆင်သေချောင်းမှ လျှပ်စစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်သွားနိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)