ပေါင် ဇူလိုင် ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ဇီးကုန်းကျေးရွာ ပင်လယ်ကမ်းခြေတွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒီရေတောတွေဟာ ကုန်းတွင်းပိုင်း ဂေဟစနစ်နဲ့ ပင်လယ်ပြင် ဂေဟစနစ်တွေကို ဆက်စပ်ပေးတဲ့နေရာမှာ ရပ်တည်လျက်ရှိပါကြောင်း၊မုန်တိုင်း၊ဒီရေနဲ့လေပြင်း တိုက်ခတ်မှုဒဏ်တို့ကို လျော့နည်းစေခြင်းဖြင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားရေး အခြေခံများကို ကာကွယ်ပေးနိုင်မှာဖြစ်ပါကြောင်း၊အခြားဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုတွေအနေနဲ့ ကမ်းပြိုမှုကိုထိန်းသိမ်းပေးခြင်း၊အခြားသစ်တောအမျိုးအစားတွေထက် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို (၂)ဆမှ(၃)ဆအထိစုပ်ယူနိုင်ပြီး အောက်စီဂျင်ကို ပိုမိုထုတ်လွှင့်ပေးနိုင်ခြင်း၊မိုးဒဏ်၊လေဒဏ်ကိုကာကွယ်ပေးပြီး ရေငန်များဝင်ရောက်မှုမရှိစေရန် ထိန်းသိမ်းပေးခြင်း၊ မြစ်ကမ်းနဲ့ပင်လယ်ကမ်းစပ်များမှ အညစ်အကြေးများကိုသန့်ရှင်းပေးခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးတို့က ဒေသခံကိုယ်စားလှယ်၊သစ်ပင်ချစ်သူများအဖွဲ့ နှင့်မုတ္တမ စီမံကိန်းကိုယ်စားလှယ်တို့အားစိုက်ပျိုးမည့် ဗြူးခြေထောက်ပင်၊ သမဲ့ပင်နှင့်အုန်းပင်များပေးအပ်ခဲ့ရာ ဒေသခံ ကိုယ်စားလှယ်များကလက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ သက်မှတ်ထားသောနေရာများတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း နှင့်အဖွဲ့သည် ဗြူးခြေ ထောက် (၃၀၀)ပင်၊သမဲ့(၁၂၀၀)ပင်၊အုန်းပျိုးပင်(၄၀)ပင် စုစုပေါင်း (၁၇၄၀)ပင်အား စနစ်တကျစုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်အဖွဲ့များကပင်လယ်ကမ်းခြေမှ ဆယ်အိမ်စုကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝါသဌ အား ဖူးမြှော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်ခဲ့ပြီး ထိုနေရာမှတစ်ဆင့် အလှပ်ကျေးရွာ သာယာကုန်းပိုင်း ရှိ Cyclone Shutter ဆောက်လုပ်မည့်နေရာသို့သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ ဆက်)