လားရှိုးမြို့ရှိ မြို့မဈေးကြီးတွင် ဒေသထွက် ရှမ်းပြောင်းဖူးများကို ခြွေပြီး အစေ့ထုတ်ရောင်းချမှုများရှိ

လားရှိုး ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် ဒေသထွက် ရှမ်းပြောင်းဖူးများကို အစေ့ထုတ်၍ နို့ဆီဘူးဖြင့် ချိန်တွယ် ရောင်းချခြင်း၊ ပြုတ်၍ရောင်းချခြင်းများဖြင့် ဒေသနေတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခုရာသီချိန်တွင် ရှမ်းပြောင်းဖူးများ ထွက်ပေါ်သည့်ကာလဖြစ်ပြီး ဒေသထွက်ရှမ်းပြောင်းဖူးပြုတ် တစ်စည်းလျှင် နှစ်ထောင်ကျပ်ဈေးရှိပြီး အစေ့ထုတ်ပြီး ပြောင်းဖူးနို့ဆီဘူးတစ်ဘူးလျှင် ငါးရာကျပ်ဈေး ရှိကြောင်း သိရသည်။

“ရှမ်းပြောင်းဖူးက တခြားပြောင်းဖူးတွေနဲ့ယှဉ်ရင် စားရတာနုတယ်။ချိုတယ်။ တချို့ ရှမ်းပြောင်းဖူး ပြုတ်နဲ့ ဆီ၊ ဆားရောပြီး ထမင်းနဲ့ စားကြတယ်။  ဒီမှာက သကြားပြောင်းတွေရောင်းပေမယ့် ရှမ်းပြောင်းဖူးပေါ်ချိန်မှာတော့ သကြားပြောင်းက သိပ်ရောင်းမကောင်းဘူး။” ဟု ပြောင်းဖူးပြုတ် ရောင်းချသူဈေးသည် တစ်ဦးကပြောသည်။

လားရှိုးမြို့ရှိ ဈေးများတွင် ရာသီချိန်ခါလိုက် ထွက်ပေါ်သော ဒေသထွက်သီးနှံများကို ရောင်းချသည့်အပြင်၊ အခြားတိုင်းနှင့် ပြည်နယ် ဒေသထွက်သီးနှံများ၊ တရုတ်နိုင်ငံထွက် သီးနှံများကိုလည်း ရောင်းချလျက်ရှိကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)