လားရှိုးညဈေးတွင် တရုတ်နိုင်ငံထုတ် အဝတ်အထည်ရောင်းချမှုများနေပြီး ခရီးသွားများဖြင့်စည်ကား

လားရှိုး ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအနီးတွင် ဖွင့်လှစ်ထားသည့် လားရှိုးညဈေးတွင် တရုတ်နိုင်ငံထုတ် အဝတ်အထည်များ ရောင်းချမှုများနေပြီး ခရီးသွားများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့ ညဈေးတွင်ဈေးဆိုင်များတွင် တရုတ်နိုင်ငံထုတ် အဝတ်အထည်ရောင်းချသည့် ဈေးဆိုင်အများဆုံးရှိပြီး အချို့မှာ ရှမ်းရိုးရာ စားသောက်ဆိုင်များနှင့် စားသောက်ဆိုင်များဖြစ်ကြောင်း သိရသည်။

“ညဈေးမှာတော့ တရုတ်နိုင်ငံကတင်သွင်းတဲ့ တရုတ်အဝတ်အထည်တွေ ရောင်းချတာအများဆုံးပေါ့။ ဒီမှာက ထိုင်းနိုင်ငံထုတ်တို့ တခြားနိုင်ငံ ထုတ်အဝတ်အထည်တွေ မရှိသလောက်နည်းပါတယ်။ တခြားနိုင်ငံက ထုတ်တဲ့အဝတ်အထည်ကို လိုချင်ရင်တော့ စတိုးဆိုင်ကြီးတွေမှာ သွားဝယ်ရတာပေါ့။ ဒီမှာက တရုတ်နိုင်ငံထုတ်အဝတ်အထည်တွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်ယူနိုင်တာပေါ့။” ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးညဈေးကို နေ့စဉ် ညနေ ၃ နာရီမှ ည ၁၀ နာရီခန့်ထိ ဖွင့်လှစ်ရောင်းချလေ့ရှိကြပြီး ခရီးသွားဧည့်သည်များ၊ ဒေသခံဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)