မောက်မယ် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်တွင် တိုင်ထောင် ပဲတောင့်ရှည်စိုက်ပျိုးသည့် တောင်သူမိသားစုဝင်များ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိပြီး စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် စိုက်ပျိုးရေးကိုအခြေခံသည့်မြို့ဖြစ်ပြီး နွေမိုးဆောင်းလယ်ယာနှင့် ရာသီသီးနှံဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး မိသားစုအတွက်စားသုံးနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရန် ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးကြသည်။
တိုင်ထောင်ပဲတောင့်ရှည်များကို ချောင်းဘေးနှုံးမြေခြံများနှင့် တောင်ယာခြံများတွင် မျိုးစေ့ချပြီး တိုင်ထောင်စနစ်ဖြင့် တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြားစိုက်ရပြီး အပင်ကြီးလာသည်နှင့် လေဝင်လေထွက် ကောင်းအောင်ပြုပြင်ပေးရပြီး ရက်၅၀ကျော်လျင် အသီးလှိုင်လှိုင် ထွက်ရှိကာ စတင်ခူးဆွတ်နိုင်ကြောင်း၊ အရင်းအနှီးနည်းနည်းဖြင့် မြန်မြန်ဆွတ်ခူးနိုင်သည့်အတွက် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေ ရရှိရန် တိုးချဲ့စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ မောက်မယ်မြို့နယ် စည်ပင်သာယာစျေး ၅ ရက် တစ်စျေးတွင် ပဲတောင့်ရှည် ၇ တောင့်တစ်စီးလျင် ကျပ် ၂၀၀ မှ ၂၅၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ဆီဆုံရပ်ကွက်နေ ပဲတောင့်ရှည်စိုက်ပျိုးသည့် တောင်သူတစ်ဦးက ရှင်းပြခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)