နမ္မတူမြို့နယ် အ.လ.က(၂)ကျောင်း၌ ရေချိုသယံဇာတနှင့် ရေထုညစ်ညမ်းမှု အသိပညာပေးဟောပြောပွဲ ကျင်းပ

နမ္မတူ ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရေချိုသယံဇာတနှင့် ရေထုညစ်ညမ်းမှု အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က အမှာစကားပြောကြားပြီး ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများ နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံနှင့် ရေသယံဇာတ၊ ရေသယံဇာတချွေတာသုံးစွဲရန်၊ ထိန်းသိမ်းရန်နှင့် ရေထုညစ်ညမ်းမှုကာကွယ်ရန် စသည့်အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)