မိုင်းရှူးမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ချက်ချင်းဝယ်၊ ချက်ချင်းတပ် စနစ်ဖြင့် အရေးယူဆောင်ရွက်

မိုင်းရှူး  အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မိုင်းရှူးမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်နှင့် လမ်းဆုံလမ်းခွ နေရာများ တွင် (Mask) တပ်ဆင်လာခြင်း မရှိသူများအား စည်းကမ်းလိုက်နာမှုရှိစေရန် ဒဏ်ငွေပေးဆောင်စေခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းမကြီးနှင့် လမ်းဆုံလမ်းခွနေရာများတွင် သွားလာနေသူများ၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများအား နှာခေါင်းစည်း (Mask)  တပ်ဆင်လာခြင်း မရှိပါက ဒဏ်ငွေ(၂၀၀)ကျပ် ပေးဆောင်စေပြီး Mask တစ်ခုပေးခြင်းဖြင့် ချက်ချင်းဝယ်၊ ချက်ချင်းတပ် စနစ်​ဖြင့် အ​ရေးယူ ဆောင်ရွက်ခဲ့ ကြသည်။

ထို့အပြင် ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်​ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လူစုလူဝေးများကို ရှောင်ရှားရန်အတွက် တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်​ကြရန် စသည့်ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)