ဖားကန့် ဝှေခါမှော်၌ သက်တမ်းကုန်လုပ်ကွက်အတွင်းမှ အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်းတုံး တွေ့ရှိ

ဖားကန့်        အောက်တိုဘာ         ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ရွာရှိ သက်တမ်းကုန်လုပ်ကွက်တစ်ခုအတွင်းမှ အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်းတုံးအား အောက်တိုဘာ ၁၂ ရက် ညပိုင်းက တွေ့ရှိခဲ့ပြီး နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)မှ သိရသည်။

"မနေ့ည ၁ နာရီလောက်မှာတွေ့တာပါ၊ ဒီနေ့မနက်ကြမှသယ်ဖို့ လမ်းကြောင်းစီစဉ်တာတွေ လုပ်နေတာပါ၊ ကျောက်စိမ်းရိုင်း ရဲ့တန်ချိန် တန်ဖိုးက ကျွန်တော်တို့ကျောက်စိမ်းရုံးရောက်မှ သိရမှာပါ၊ အရည်အသွေးကိုကြည့်ပြီး တန်ဖိုးဖြတ်တဲ့အဖွဲ့တွေက တန်ဖိုးဖြတ်မယ်၊ အလေးချိန် တန်ချိန် ချိန်တာတွေလုပ်ရမှာပေါ့" ဟု ကျောက်စိမ်းတူးဖော် ရေးဌာန (လုံးခင်း)မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးသန်းထွန်းက ပြောသည်။

ဝှေခါမှော်၌ တရားမဝင် ကျောက်စိမ်းခိုးတူးဖော်နေသူများရှိပြီး အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူများက ခိုးတူးသူများအား လိုက်လံတားဆီးခြင်းနှင့် သက်တမ်းကုန်နှင့် သက်တမ်းကျန် လုပ်ကွက်များအတွင်း ဝင်ရောက်ခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးချိန်တွင် အဆိုပါ ကျောက်စိမ်းရိုင်းတုံးအား တွေ့ရှိခြင်း ဖြစ်သည်။

ဝှေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းက "ကျောက်စိမ်းရိုင်းက မျိုးမမှန်ပါဘူး၊ ကျောက်မျိုး နားလည်တဲ့သူဆို ကြည့်တာနဲ့သိပါတယ်၊ ခန့်မှန်းတန်ချိန်ကတော့ (၈၀၀) လောက်ရှိတယ်"ဟု ပြောပြသည်။

တာလင်းမောင်(ပြန်/ဆက်)