မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင် ဇူလိုင် ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင်  အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုဆက်လက် ကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူးဒေါ်မြင့်မြတ်သီတာက Moderator အဖြစ်ဆောင်ရွက်၍ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်မိုးမိုးလှိုင်က ဖြည့်စွက်ဆွေးနွေးပြီး၊ Grade(11)ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မသန္တာဝင်းထက်က မျိုးဆက်သစ်လူငယ်နှင့် မြန်မာ့ယဉ်ကျေးမှု၊ မောင်ခန့်ထူးက လူငယ်နှင့် သာယာသောဝန်းကျင်၊ မလွင်လွင်ကျော်က မျိုးဆက်သစ်နှင့် ကျန်းမာကြံ့ခိုင်ရေး၊ မနန်းကြည်နူးခန့်က လူမှုဆက်ဆံရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ၊ မောင်လင်းခန့်က လူငယ်နှင့်စာဖတ်ခြင်းအလေ့၊ မော်ဇော်ထက်က အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော  ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နံရံကပ်စာစောင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နံရံကပ်စာစောင်းများကို  တက်ရောက်လာသော ကျောင်းသား/ သူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)